ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ထံမှ သတင်းရရှိပါသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သီတာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဖြစ်တာက အဲဒီအိမ်ရဲ့ ကားဂိုဒေါင်ထဲမှာ ဆင်နေတုန်း ပေါက်ကွဲတာ။ အိမ်လည်း မီးလောင်တယ်။ ဘေးအိမ်တစ်အိမ်လည်း မီးလောင်တယ်။ လူ ၁၀ ယောက်လောက် သေတယ်၊ လူ ၂၀ လောက်တော့ ဆေးရုံတင်ထားတယ်လို့ သိရပါ တယ်" ဟု မြစ်ကြီးနားမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။
"ဖြစ်တော့ အသံအကျယ်ကြီး ကြားရတယ်။ အိမ်က ပစ္စည်းတချို့တောင် တုန်သွားတယ်။ မီးလောင်နေတဲ့နေရာက ကိုယ့်အိမ်နဲ့ သိပ်မဝေးတော့ ပစ္စည်းတွေ သယ်ပြီး ရွှေ့ရပြောင်းခဲ့ရတယ်" ဟု ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သော သီတာရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။
မြစ်ကြီးနားမြို့တွင် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းကလည်း အမှတ် (၁)ရဲစခန်းနှင့် လ.၀.က ရုံးတို့တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ရဲစခန်းမှာ ဆိုင်ခန်းဟောင်းများတွင် ပေါက်ကွဲခြင်းဖြစ်ကာ လ.၀.ကရုံးမှာ မူ ပျက်စီးထိခိုက်မှု အနည်းငယ်ရှိခဲ့သည်ဟု သိရှိရသည်။
အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်းကလည်း သီတာလမ်းသွယ် ရှိ ၀န်ထမ်းအိမ်ရာ တစ်ခုတွင် ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် မြို့ပေါ်တွင် လုံခြုံရေးပိုင်း စိစစ်တင်းကြပ်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း သိရှိရသည်။
ကချင်ပြည်နယ်အတွင်း KIA အဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ်ဇွန်လ ၉ရက်နေ့ကစတင်ခဲ့သည်။
Ref: ရိုးရာလေး



No comments:
Post a Comment