မြန်မာ့လေကြောင်းနှင့် မြန်မာ့စီးပွားရေး ဘဏ်တို့ ပူးပေါင်း၍ e-Ticket စနစ် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ယခုနှစ် မကုန်မီတွင်
စတင်နိုင်မည် ဖြစ်ကာ လေယာဉ်လက်မှတ်ကို ဒေါ်လာ၊ အက်ဖ်အီးစီ၊ မြန်မာကျပ်ငွေ ကြိုက်ရာဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း မြန်မာ့လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ “အခု စီးပွားရေး ဘဏ်ဘက်က အွန်လိုင်းစနစ် အသုံးပြုနိုင်ဖို့ အတွက် သီးခြားဘဏ်စာရင်း ဖွင့်လှစ်နိုင်ဖို့ လိုအပ်တဲ့ အပိုင်းတွေ လုပ်ဆောင်နေပါပြီ။ အွန်လိုင်းကနေ ဝယ်ယူလို့ရတဲ့ အတွက် မြန်မာနိုင်ငံသားတွေ သာမက နိုင်ငံခြားသား ဧည့်သည်တွေပါ ကိုယ်သွားချင်တဲ့ ဒေသကို အချိန် နှစ်ပတ်လောက် စောပြီး ကြိုဝယ်နိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ယင်းအွန်လိုင်း Ticket စနစ်ကို အသုံးပြုရာတွင် လေယာဉ်လက်မှတ် ဝယ်ယူမည့်သူ အနေဖြင့် မြန်မာ့ စီးပွားရေးဘဏ်တွင် လေယာဉ်လက်မှတ် ဝယ်ယူရန် သီးခြားဘဏ် စာရင်းဖွင့်ထားရန် လိုအပ်ပြီး အဆိုပါ ဘဏ်လက်ကျန် ငွေမှာလည်း ငွေပမာဏ လုံလုံလောက်လောက်ရှိရန် လိုအပ်ကြောင်း သိရသည်။ “လောလောဆယ်မှာတော့ စီစဉ်နေဆဲ ဖြစ်ပါတယ်။ လေယာဉ်လက်မှတ် ဝယ်ယူလိုသူက လိုချင်တဲ့ ထိုင်ခုံနံပါတ်ကို ရှိနိုင်အောင် မြန်မာ့လေကြောင်း ဝက်ဘ်ဆိုက်မှာ ကြည့်ပြီး ဝယ်ယူနိုင်အောင် စီစဉ်ပေးသွားမှာပါ။ လောလောဆယ်မှာလဲ ဖုန်းဘီလ်ကို အွန်လိုင်းကတစ်ဆင့် ဆောင်တဲ့ Online Biling System ကလဲ အောင်မြင်ပါတယ်။ အခုလဲ ဒီစနစ်ကို အခြေခံပြီး လုပ်ဆောင် သွားမှာပါ” ဟု မြန်မာ့ စီးပွားရေးဘဏ်မှ တာဝန်ရှိသူက ပြောသည်။ “ လက်မှတ်အရောင်း အေဂျင်စီတွေကတော့ ဘဏ်မှာ အကောင့်ဖွင့်လှစ်ဖို့ လိုတာပေါ့။ ဒီလေယာဉ် စီးသူတိုင်း ဖွင့်ထားဖို့ မလိုပါဘူး။ ဒီစနစ် အောင်မြင်ဖို့အတွက် ဆွေးနွေးလုပ်ဆောင် နေကြဆဲ ဖြစ်ပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ထပ်မံပြောသည်။
ယင်းစနစ် အတွက် လိုအပ်သည့် ဝက်ဘ်ဆိုက်ကို မြန်မာ့လေကြောင်း အနေဖြင့် လွှင့်တင်ရန် စီစဉ်နေပြီ ဖြစ်ကာ ယင်းလွှင့်တင်ထားသည့် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားမည့် ခုံနေရာ ရှိမှုအပေါ် မူတည်၍ ကြိုတင်ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။ ယင်းဝက်ဘ်ဆိုက်တွင် မြန်မာ့လေကြောင်းမှ လက်ရှိပျံသန်းပေးလျက် ရှိသော ခရီးစဉ်များ၊ ဈေးနှုန်းများကို Update ဖော်ပြပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “ ဒီလို အွန်လိုင်းစနစ် ပေါ်လာပြီဆိုရင် မှောင်ခိုစနစ်တွေ ပျောက်သွားနိုင်တယ်။ ဒီလိုစနစ်တွေ များများ ပေါ်ထွန်းအောင်မြင်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရင် အရမ်းကောင်းပါတယ်” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ လက်ရှိတွင် မြန်မာ့လေကြောင်းမှ လေယာဉ်လက်မှတ် ဝယ်ယူရာ၌ တစ်ပတ်ကြိုတင် ဘွတ်ကင်စနစ်ဖြင့် ရောင်းချပေးလျက် ရှိပြီး ယင်းသို့ ဝယ်ယူရာတွင် လူတိုင်းဖောင်တင်ကာ ဝယ်ယူကြရကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ့လေကြောင်း အနေဖြင့် လေယာဉ် ကိုးစင်းတို့ဖြင့် မြို့ပေါင်း၂၅ မြို့သို့ ပျံသန်းပေးလျက် ရှိကြောင်း သိရသည်။
ဇင်သီဟန်
Ref;YTP
ဇင်သီဟန်
Ref;YTP
No comments:
Post a Comment