Saturday, November 26, 2011
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင်လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက် ယှဉ်ပြိုင်မည်
(နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ကျင်းပနေစဉ်)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ
မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်၍ နောင် လာမည့် ရွေးကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု နိုဝင်ဘာလ ၁၈ ရက်နေ့က ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ဦးစီးအဖွဲ့အစည်းအဝေးက ကန့်ကွက်သူမရှိ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေး ကောက်ပွဲဝင်ရေး၊ မ၀င်ရေးတို့နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချမည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် နံနက် ၁၀ နာရီက စတင်ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးတို့နှင့်စပ်လျဉ်း၍၎င်းင်းတို့၏ သဘောထားများကို ပြောဆိုခဲ့ကြရာတွင် ကချင်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ ၀င်ကမှတ်ပုံတင်ရေးကြိုဆိုထောက်ခံ ကြောင်း၊ ကရင်ပြည်နယ် ဗဟိုဦးစီး အဖွဲ့ဝင်က အများသဘောအတိုင်း လက်ခံမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေး ထောက်ခံကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်ကမှတ်ပုံ တင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ထောက်ခံကြောင်း၊ တနင်္သာရီတိုင်း ဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်သင့်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင် ရေးနှင့်ရွေးကောက်ပွဲဝင်ရေး ထောက်ခံကြောင်း၊ မကွေးတိုင်းဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ထောက်ခံကြောင်း၊ မွန်ပြည်နယ်ဗဟို ဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေး သဘောတူကြောင်း၊ မန္တလေးတိုင်းဒေသကြီး ဗဟိုဦးစီး အဖွဲ့ဝင်က မှတ်ပုံတင်ခြင်း၊ ရွေး ကောက်ပွဲဝင်ခြင်းမှာ အဖွဲ့ချုပ်နှင့် သဘောထား အတူရှိပါကြောင်း၊ ရခိုင်ပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်က ခေါင်းဆောင်၏ ဆုံးဖြတ်ချက်ကို ထောက်ခံမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်က ပါတီ မှတ်ပုံတင်ရေးနှင့်ရွေးကောက်ပွဲဝင်ရေး ထောက်ခံပါကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က မှတ်ပုံတင်ရေးနှင့် အကျဉ်းသားလွတ်မြောက်ရေး တစ်ပြိုင်တည်း ဆောင်ရွက်သင့်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ဗဟိုဦးစီးအဖွဲ့ဝင်က ပါတီမှတ်ပုံတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ကြောင်း၊ ကယားပြည်နယ် ဗဟိုဦးစီးအဖွဲ့ဝင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဆုံးဖြတ်ချက် ကို ယုံကြည်ကြောင်း၊ ကယားပြည်သူများက အားကိုးကြောင်းနှင့် အားတက်သရော ထောက်ခံကြောင်းတို့ကို အသီးသီးပြောကြားခဲ့ကြသည်။
ထို့ပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ညီနောင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ ပါတီမှ ဦးစိုးဝင်း က အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲ ၀င်ရေး၊ မ၀င်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီး တစ်သားတည်းရှိနေမည်ဖြစ်ကြောင်း တို့ကို ပြောကြားခဲ့သည်။
ထို့နောက် ဗဟိုအမျိုးသမီး လုပ်ငန်းအဖွဲ့နှင့် လူငယ်လုပ်ငန်း များဖော်ဆောင်ရေး ကော်မတီတို့မှ အဖွဲ့ဝင်များကလည်း အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် မှတ်ပုံတင်ရေး၊ မတင်ရေးနှင့် ရွေးကောက်ပွဲဝင်ရေး၊ မ၀င်ရေးတို့နှင့်စပ်လျဉ်း၍ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ရှင်းလင်းပြော ကြားရာတွင် “ပွင့်ပွင်းလင်းလင်း ပြောပါရစေ။ ကျွန်မက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပြီးတော့ မှတ်ပုံတင်ရေးဘက်က ရပ်တည်ပါ တယ်”ဟု အစည်းအဝေးသို့ တက်ရောက်လာသူများအား ပြောကြားခဲ့သည်။ ထို့ပြင် လစ်လပ်နေရာ သုံးနေရာ စတိအစား အားလုံးကို ယှဉ်ပြိုင်စေချင်ကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းကဲ့သို့ မိမိတို့၏ သဘောထားများကို ထုတ်ဖော်ပြောကြားပြီး နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်းအဝေး၏ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့သည်။
ဖတ်ကြားခဲ့သည့် ဆုံးဖြတ်ချက် မှာ “အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အစဉ်တစိုက် ကြိုးပမ်းအားထုတ်လျက် ရှိပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူများဖြစ်သော အာဃာတ ကင်းစင်သော အထွေထွေသဟဇာတ ဖြစ်မှုကိုရှေးရှုရေး၊ ငြိမ်းချမ်းချောမွေ့သောနည်းကို အသုံးချရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလည်း စွဲကိုင်လျက်ရှိပါသည်။
ထို့အပြင် ပြည်သူလူထုနှင့် တကွ ဒီမိုကရေစီအင်အားစုများက လည်း ၎င်းတို့လိုလားနှစ်သက်ပြီး အားကိုးအားထားပြုနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား နိုင်ငံရေးပါတီတစ်ခုအဖြစ် ဆက်လက် ရှင်သန် ရပ်တည်စေလိုသော ဆန္ဒ သဘောထားများ ပေါ်ပေါက်နေကြောင်း ကြားသိနေရပါသည်။
သို့ပါ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုဦးစီးအဖွဲ့အစည်း အဝေးကို ၁၈-၁၁-၂၀၁၁ ရက်နေ့ တွင်ကျင်းပပြုလုပ်ပါသည်။ ယင်း အစည်းအဝေးသို့ ပြည်နယ်/တိုင်း ၁၄ ခုမှ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ အဖွဲ့ချုပ်ညီနောင်ပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီ ပါတီနှင့် အဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့တို့ မှ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ လူငယ် လုပ်ငန်းများ ဖော်ဆောင်ရေးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ တက်ရောက်ခွင့်ရှိသူ ၁၁၆ ဦး အနက် ၁၀၆ ဦး တက်ရောက်ကြပါသည်။ ဤဗဟိုဦးစီးအဖွဲ့အစည်းအဝေးမှ အောက်ပါဆုံးဖြတ်ချက်များကို ကန့်ကွက်သူမရှိ တညီတညွတ်တည်း ချမှတ်ကြောင်း ကြေညာလိုက်သည်။
ဆုံးဖြတ်ချက်များ
(၁) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံ တင်မည်။
(၂) နောင်လာမည့်ရွေးကောက် ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်။” ဟူ၍ ဖြစ်သည်။
ယင်းကဲ့သို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်မည်၊ နောင်လာမည့် ရွေး ကောက်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်ဟု ဖတ်ကြားခဲ့ပြီးနောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများသာမက အဖွဲ့ချုပ်ရုံးပြင်ပတွင် ရှိသူများပါ လက်ခုပ်တီးသြဘာ ပေးခဲ့ကြသည်။
၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် မှတ်ပုံတင်တည်ထောင်ခဲ့သော ပါတီဖြစ်သည်။ သို့သော် ယခင်အစိုးရ လက်ထက် ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့က ထုတ် ပြန်ခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေအရ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ထပ်မံမှတ်ပုံတင်ရမည် ဖြစ်သော်လည်း ကန့်သတ်ချက်များကြောင့် ၂၀၁၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဦးစီး အဖွဲ့အစည်းအဝေးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ထပ်မံ မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Ref;Eleven Media Group
Labels:
ပြည်တွင်းသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment