Saturday, November 26, 2011
၂၀၁၁ ခုနှစ်သည် ဟန်းဆက်အရောင်းဆိုင်နှင့် ဟန်းဆက်ရောင်းအား နှစ်ဆတိုးသည့်နှစ်ဖြစ်ကြောင်း အရောင်းဆိုင်များကဆို
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းလိုင်းအရေအတွက် တိုးမြှင့်ချထားပေးလာသည့် ၂၀၁၁ ခုနှစ်၌ ဟန်းဆက်အရောင်းဆိုင်နှင့် ဟန်းဆက်ရောင်းအားမှာ နှစ်ဆခန့်တိုးမြင့်လာခဲ့သည်ဟု ဈေးကွက်ကျွမ်းကျင်သူများကပြောသည်။ “အရောင်းဆိုင်အနေနဲ့ပြောရင် ရန်ကုန်မြို့မှာ
အရေအတွက် ၃၀၀ ၀န်းကျင်လောက်အထိ ရှိလာတယ်လို့ ခန့်မှန်းရတယ်။ ထပ်ဖွင့်ဖို့ကလည်း ရာဂဏန်းနဲ့ချီပြီး ရှိနေနိုင်သေးတယ်။ ဒီနှစ်က စီဒီအမ်အေဖုန်းလိုင်းတွေလည်း အများကြီးချထားပေးလာတော့ အရောင်းဆိုင်နဲ့ အရောင်းအားဟာ နှစ်ဆလောက်အထိတော့ တက်လာတာအမှန်ပဲ” ဟု လူကြီးမင်း ဟန်းဆက်အရောင်းဆိုင်မှ ဦးကိုကိုအောင်ကပြောသည်။ ဟန်းဆက်အရောင်ဆိုင်များနှင့် ဟန်းဆက်ရောင်းအားများသည် မြန်မာ့ဆက်သွယ်ရေးမှ လိုင်းအရေအတွက် တိုးမြှင့်ချထားပေးနေသည့်အပေါ် မှီခိုနေသည့်အလျောက် တန်ဖိုးနည်းမိုဘိုင်းဖုန်းလိုင်းများ ချထားပေးလာသည့်အခါ၌ ထပ်မံတိုးတက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။ “လွန်ခဲ့တဲ့ ၅ နှစ်လောက် ချထားပေးတဲ့ ဖုန်းလိုင်းအရေအတွက်ကို တစ်နှစ်လောက်အတွင်းမှာ ချထားပေးလာတဲ့အတွက် အရောင်းဆိုင်နဲ့ အရောင်းအင်အားဟာ တိုးတက်လာတာတော့အမှန်ပဲ။ ဒါကြောင့် နှစ်ဆလောက် တိုးတက်လာတာပါ” ဟု ACE မိုဘိုင်းဟန်းဆက် အရောင်းဆိုင်မှ ဦးသန်းထိုက်ကပြောသည်။ ၂၀၁၁ ခုနှစ်၏ ဟန်းဆက်ရောင်းအားသည် ဂျီအက်စ်အမ်နှင့် စီဒီအမ်အေနှိုင်းယှဉ်ပါက စီဒီအမ်အေအနေဖြင့် ပိုမိုရောင်းအားကောင်းမွန်ခဲ့ကြောင်း ဟန်းဆက်ရောင်းချသူများကပြောသည်။ “ဒီနှစ်ထဲမှာ ဂျီအက်စ်အမ်က နှစ်ဆနီးပါးလောက် ရောင်းအားတက်ခဲ့တယ်ဆိုရင် စီဒီအမ်အေက သုံးဆလောက်အထိ ရောင်းအားတက်လာခဲ့ပါတယ်။ ဈေးနှုန်းနိမ့်ဖုန်း တွေထွက်လာရင်လည်း ရောင်းအားက ဖုန်းလိုင်းချထားပေးတဲ့အရေအတွက် တစ်ဝက်လောက်ကိုတော့ ရောင်းရမှာပါ။ ဘာလို့လည်းဆိုတော့ လူတွေလက်ထဲမှာ ဂျီအက်စ်အမ်ဖုန်းတွေရှိပြီးသားဖြစ်နေတတ် ကြပါတယ်” ဟု AMT မိုဘိုင်းဖုန်းအရောင်းဆိုင်မှ မလွင်မာကပြောသည်။ မိုဘိုင်းဖုန်းလိုင်းများအား ငွေကျပ် ၅ သိန်းနှင့် ချထားပေးလာသည့်နောက်ပိုင်း ရောင်းအားနှင့် အရောင်းဆိုင်များ တိုးတက်လာခြင်းဖြစ်ပြီး ယခင် ၂၀၀၉၊ ၂၀၁၀ ခုနှစ်များနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှနှစ်ဆတိုးတက်လာခဲ့ခြင်းဖြစ်သည်။
Ref;Internet Journal
Labels:
နည်းပညာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment